ဒေသခံပြည်သူများ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုအထောက်အကူပြု အပင်မျိုးပွားခြင်း သင်တန်းဖွင့်လှစ်ခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပေးခြင်း အားဖြင့် ဒေသခံပြည်သူများက သဘာဝကြိုးဝိုင်းနှင့်ဇီဝမျိုးစုံမျိုးကွဲများ၏တန်ဖိုးကို သိမြင် နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံပြည်သူများအသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုအထောက်အကူပြု အပင်မျိုးပွားခြင်းသင်တန်းအား မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ခန်းမ (Environmental Education Center - EEC) ၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှ စက်တင်ဘာလ (၁၀) ရက်နေ့အထိ သင်တန်းကာလ (၂) ရက်တာ ဖွင့်လှစ်ခဲ့ပါသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအစီအစဉ်ဖြင့် ပြင်ပမှ စိုက်ပျိုးရေးပညာရှင် ဦးနေလင်းအောင်က သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့ကာ စီမံကိန်းဧရိယာအနီးကျေးရွာများဖြစ်သည့် ရေပုံးကျေးရွာ၊ မိချောင်းလှောင်း(ရွာသစ်)ကျေးရွာ၊ မိချောင်းလှောင်း (ရွာဟောင်း) ကျေးရွာ၊ကလိန်အောင်ကျေးရွာ၊ဇင်းဘာကျေးရွာတို့မှ သင်တန်းသား/သူ စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ပြီး ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းများ၊ ကိုင်းဆက်ရာတွင် အောင်မြင်ရန်အတွက် ဂရုပြုရမည့်အချက်များ၊ ပျိုးပင်များ မျိုးပွားခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ပျိုးမြေ၊ စပ်မြေများ၏ အခြေခံ လိုအပ်သည့် လက္ခဏာများကို စာတွေ့/ လက်တွေ့သင်ကြားပို့ချခဲ့ပါသည်။
