ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုအထောက်အကူပြု မှိုစိုက်ပျိုးခြင်း သင်တန်းဖွင့်လှစ်ခြင်း
သယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း အနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်ကူပြုပေးခြင်းအားဖြင့် ဒေသခံပြည်သူများက သဘာဝကြိုးဝိုင်းနှင့်ဇီဝမျိုးစုံမျိုးကွဲများ၏တန်ဖိုးကို သိမြင်နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြင့် “ဒေသပြည်သူများ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုအထောက်အကူပြု မှိုစိုက်ပျိုးခြင်းသင်တန်း” အား မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခန်းမ (Environmental Education Center – EEC) ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ သင်တန်းကာလ (၂) ရက်တာဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ စီမံကိန်းဧရိယာရှိ ကျေးရွာများဖြစ်ကြသည့် ရေပုံးကျေးရွာ၊ မိကျောင်းလှောင်း (ရွာသစ်) ကျေးရွာ၊ မိကျောင်းလှောင်း (ရွာဟောင်း) ကျေးရွာ၊ အင်းပြားကျေးရွာ နှင့် ဇင်းဘာကျေးရွာတို့မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ပြီး မှိုစိုက်ပျိုးရေးပညာရှင် ဦးဝင်းဇော်လတ်က ငွေနှင်းမှိုစိုက်ပျိုးခြင်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ခဲ့ပြီး မိကျောင်းလှောင်း (ရွာသစ်) ကျေးရွာရှိ ၎င်း၏ ငွေနှင်းမှိုစိုက်ပျိုးရေးခြံသို့ သွားရောက်လေ့လာခဲ့ကြပါသည်။
ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများအား တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လွှစာ၊ ပျိုးအိတ်၊ ပေါင်းအိုး၊ မှိုမျိုးစေ့နှင့် လိုအပ်သည့်လုပ်ငန်းသုံးပစ္စည်းများကို စီမံကိန်းမှ ပံ့ပိုးပေးအပ်ခဲ့ပါသည်။
